ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၀၀၀)နီးပါးကိုခေါ်ယူထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပ ဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ယခုအခါ မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၉) ရက်အထိ စိစစ်ပြီးစီးကြောင်း သိရသည်။
ထိုကဲ့သို့စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၉၂)ခုအတွက် အလုပ်သမား (၉၉၇) ဦးခေါ်ယူထားကြောင်း သိရသည်။