ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဉ်ကကယ်တင်ပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်က ဖျာပုံမြစ်ဝအနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီးသောင်တင်ကာ ရေဝင်န-စ်မြုပ်နေသဖြင့် တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်းတာဝန်ထမ်းဆောင်နေသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးအဖွဲ့ဝင်များမှ ကူညီမှုများပြုလုပ်နိုင်ရန်သွားရောက်ခဲ့ကြသည်။
ဖြစ်စဉ်နေရာ၌ ဖျာပုံမြို့ဘက်မှ ရန်ကုန်ဘက်သို့ လှေလုပ်သား(၁၉)ဦးဖြင့်ထွက်ခွာလာသော “မြမျိုးလွင်(၉)”ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိုင်းပြင်းထန်မှုကြောင့်သောင်တင်ပြီး ရေယာဉ်ဝမ်းဗိုက်အတွင်းရေဝင်မှုများဖြစ်ပေါ်၍ လှေတစ်ဝက်နစ်မြုပ်နေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး လှေလုပ်သားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ ကျန်းမာရေးစစ်ဆေးကုသခြင်း၊ အဝတ်အထည်နှင့် အစားအသောက်များထောက်ပံ့ပေးခြင်းများပြုလုပ်ပေးခဲ့ကြသည်။
ထို့နောက် နိုဝင်ဘာ ၃၀ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ကယ်တင်ပေးခဲ့ရသည့် လှေလုပ်သားများအား လှေပိုင်ရှင်ဖြစ်သူထံလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။