ယာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော မြန်မာနိုင်ငံဒေသအများအပြားရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Nam Chung-hee နှင့် အဖွဲ့ဝင်များမှ ကိုရီးယားဝမ် ၃,၆၀၀,၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။
Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်တွင် ဒေဂူးမြို့ရှိ Hotel Inter-Burgo ၌ ကျင်းပခဲ့သည့် Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
သံအမတ်ကြီးသည် မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် တိုးမြှင့်ဆောင်ရွက်ပေးမှုများကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေဂူးမြို့ရှိ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ အစီအစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များအား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှူဒါန်းရရှိသည့် ရန်ပုံငွေများအား မြန်မာနိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။