ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အောင်နိုင်ရေးအလံပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊ လုံ့လ၊ ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ရန်မှာကြားခဲ့သည်။
” အခုပြိုင်ပွဲကြီးဟာ အားကစားမောင်မယ်များတွေနဲ့ မိမိတို့တိုင်းအတွက် အားကစားလူချွန်လူ ကောင်းတွေဖြစ်ကြောင်းပြသနိုင်မယ့် အခွင့်အ လမ်းကောင်းတစ်ရပ်ဖြစ်သလို နိုင်ငံ့လက်ရွေး စင်အဆင့်ရွေးချယ်ခံရမယ့် အခွင့်အလမ်းလည်းဖြစ်တာကြောင့် ရရှိလာတဲ့ အခြေအနေအချိန် အခါမှာ ရေကုန်ရေခမ်းအားထုတ်ကြိုးပမ်းသွားကြဖို့လိုပါတယ်။ အားကစားနည်းတိုင်း ဆုတံဆိပ်တွေရအောင်စွမ်းဆောင်ခဲ့ကြပါ”ဟု တိုင်းဝန်ကြီးချုပ်က တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အားကစားသမားများအတွက် စခန်းသွင်းလေ့ကျင့်စရိတ်ဂုဏ်ပြုထောက်ပံ့ငွေကျပ်သိန်း(၁၂၀၀) ကျော်အား တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အသင်းအုပ်ချုပ်သူတို့ထံပေးအပ်ခဲ့ကြောင်း သိရသည်။