မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara – Ool နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များအား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံမှခိုင်မာစွာရပ်တည်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ခိုင်မာစွာရပ်တည်ပေးလျက်ရှိမှုတို့အား အပြန်အလှန် ဆွေးနွေးကြသည်။
ထို့အတူ မြန်မာ-ရုရှားနှစ်နိုင်ငံ ဥပဒေပိုင်းဆိုင်ရာ၊ ဘာသာရေးနှင့် ယဥ်ကျေးမှု၊ လူငယ်ရေးရာ၊ ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ထုတ်လုပ်မှု၊ အပြန်အလှန်ကုန်သွယ်မှု အစရှိသဖြင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် တိုးချဲ့ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။