MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။
ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက အသင်းချုပ်၏ နိုင်ငံစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့မှုနှင့် အောင်မြင်မှုများအတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောသည်။
နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေရန် နည်းပညာ၊ ငွေကြေးအရင်း အနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် အသင်းချုပ်သည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးခဲ့ခြင်းမှာ ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရန် များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။
” ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတော်အတွက် အားတစ်ခုဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
ထို့ပြင် အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ပြည်သူများ၏အကျိုးကိုရှေးရှု၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး ဆက်လက်ပူးပေါင်းကူညီပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းမှလည်း UMFCCI အနေဖြင့် ပြည်တွင်း၊ပြည်ပရင်းနှီး မြှုပ်နှံမှုများတိုးတက်လာစေရန်နှင့် ကြုံတွေ့နေရသော စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာပေးနိုင်ရန် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ပြောကြားခဲ့သည်။