ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော်အတွက် အားတစ်ခု ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့လာမယ့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် ပြုလုပ်စဉ် ပြည်ထောင်စုဝန်ကြီးက တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။
MSME လုပ်ငန်းများနှင့်ပတ်သက်၍ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ်ချက်တို့ကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိသည်ဟု ပြောသည်။
အလားတူ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကုန်သည်/စက်မှုအသင်းချုပ် ဘက်ကလည်း မူဝါဒဆိုင်ရာ တင်ပြခြင်းအားဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးခဲ့ခြင်းသည် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင် ဖြစ်လာစေရေးအတွက် များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။
“ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော်အတွက် အားတစ်ခု ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့လာမယ့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
ထို့ပြင် ကုန်သည်/စက်မှုအသင်းချုပ်နဲ့ အသင်းချုပ်၏ ညီနောင်အသင်းများအနေဖြင့် ပြည်သူများ၏ အကျိုးကို ရှေ့ရှုပြီး စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက် ဆက်လက်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းမှလည်း ပုဂ္ဂလိကစီးပွားရေးကဏ္ဍဆက်လက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးတို့အတွက် အသင်းချုပ် အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ပြောကြားခဲ့ပြီး စိတ်အားထက်သန်သူများအားလုံးကို အသင်းချုပ်နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။