လူသုံးဦးသေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သော မြန်မာနှင့်နယ်စပ်အနီးရှိ ပျော်ပွဲရွှင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောဆိုသည်။
ဒီဇင်ဘာ ၁၃ ရက်ညက တာ့ခ်ပြည်နယ် Umphang ခရိုင်တွင် ပြုလုပ်ခဲ့စသည့် ပွဲတော်၏ ကပွဲနေရာတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည် ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖြစ်စဉ်အတွင်း လူနှစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်ဟု ရဲက ပြောသည်။ ပွဲတော်လာသူ ၈,၀၀၀ မှ ၉,၀၀၀ ခန့်တွင် ပေါက်ကွဲမှုကြောင့် လူ ၄၈ ဦးဒဏ်ရာရခဲ့သည်ဟုလည်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းလူငယ်တစ်ဦးနှင့် မြန်မာဘက်မှ ကရင်လက်နက်ကိုင်တပ်ဖွဲ့ ကေအင်န်ယူ အဖွဲ့ဝင် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သံသယရှိမြန်မာနိုင်ငံသားသည် ယခင်က သူနှင့်တိုက်ခဲ့ဖူးသော ပြိုင်ဘက်အုပ်စုဝင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ပြီးနောက် ဗုံးကို ကပွဲအတွင်း ပစ်သွင်းခဲ့ခြင်း ဖြစ်သည်ဟု တာ့ခ်ပြည်နယ်ရဲအကြီးအကဲ Samrit Ekamol က ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အေအက်ဖ်ပီက အမည်မဖော်လိုသည့် ကေအင်န်ယူအကြီးတန်းတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ၌ ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် အခင်းဖြစ်ဧရိယာတွင် မည်သည့် ကေအင်န်ယူတပ်ဖွဲ့ဝင်မှ မရှိကြောင်း ငြင်းဆိုခဲ့သည်။
ကေအင်န်ယူက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရခဲ့သူများ၏ မိသားစုများအတွက် ဝမ်းနည်းရပါကြောင်း ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့သည်။ မိမိတို့အနေဖြင့် တရားမျှတမှုရရှိရေးအတွက် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်မျိုးကို လက်မခံသကဲ့သို့ ယင်းလုပ်ရပ်ကို ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် လုံခြုံရေးအဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်