ပြင်သစ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းစုတစ်ခုဖြစ်သော Mayotte တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အပြင်းထန်ဆုံး ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ေ-သဆုံးသူ ရာပေါင်းများစွာရှိနေကာ ထောင်နှင့်ချီ၍လည်းဖြစ်သွားနိုင်သည်ဟု ဒေသဆိုင်ရာ ပြင်သစ်အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
“ရာနဲ့ချီပြီးရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ တစ်ထောင်၊ ထောင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်” ဟု အုပ်ချုပ်ရေးအရာရှိ ဖရွန်စွာဇာဗီယေ ဘီယူဗီးလ်က ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော မာ ရော့လာ ပရွမ်းမြဲ ကို ပြောကြားခဲ့သည်။
ဆိုင်ကလုန်း Chido ကြောင့် ေ-သဆုံးရသူအရေအတွက်ကို မေးမြန်းရာတွင် ဘေးဒုက္ခရောက်သူအားလုံးကို စာရင်းပြုစုရန် ခက်ခဲမည်ဖြစ်ကြောင်းနှင့် ယခုအခြေအနေတွင် ကိန်းဂဏန်းအရေအတွက်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ဆိုင်ကလုန်း ချီဒို သည် မာရော့ ကို ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နေအိမ်များ၊ အစိုးရဌာန အဆောက်အအုံများနှင့် ဆေးရုံတစ်ရုံ ပျက်စီးခဲ့သည်ဟု ပြင်သစ်မိုးလေဝသဌာန မေထရို-ဖရွန့်စ် က ပြောကြားသည်။
ယင်းမုန်တိုင်းသည် နှစ်ပေါင်း ၉၀ ကျော်အတွင်း ကျွန်းစုကို ဝင်ရောက်တိုက်ခတ်ခဲ့သမျှတွင် အားအပြင်းဆုံးဖြစ်သည်ဟု မိုးလေဝသဌာနက ပြောဆိုသည်။
“ရိုးရိုးသားသားပြောရရင် ငါတို့ကြုံတွေ့နေရတာ ကြေကွဲစရာတစ်ခုပါ၊ နျူကလီးယားစစ်ပွဲတစ်ခုအပြီး ကြုံရတဲ့ ခံစားမှုလိုပါပဲ၊ ရပ်ကွက်တစ်ခုလုံး ပျောက်သွားတာကို ငါမြင်ခဲ့ရတယ်” ဟု ကျွန်းစု၏ မြို့တော် မာမုဒ်ဇူး တွင် နေထိုင်သည့် မစ္စတာ မိုဟာမက် အီစမိုင် ဆိုသူက ရိုက်တာကို ဖုန်းဖြင့်ပြောဆိုခဲ့သည်။
အနီးရှိ ကိုမိုရော့စ်ဒေသမှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများအတွက် အဓိကနေရာတစ်ခုဖြစ်သော မာယော့ ၏ ကျွန်းများထဲမှ တစ်ခုရှိ တောင်ကုန်းများပေါ်တွင် ယာယီနေအိမ် ရာနှင့်ချီ၍ ပျက်စီးသွားခဲ့သည်ကို ပြင်သစ်စစ်တပ်က ဖြန့်ဝေခဲ့သော ဝေဟင်မှ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။
ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း လူထောင်ပေါင်းများစွာသည် အရှေ့အာဖရိကကမ်းလွန် ကိုမိုရော့စ်မှနေ၍ ပြင်သစ်လူမှုဖူလုံရေးစနစ်ကို ခံစားရကာ လူနေမှုအဆင့်အတန်းပိုမိုမြင့်မားသည့် မာယော့ သို့ ဖြတ်သန်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ မာယော့ တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၀၀,၀၀၀ ကျော်ရှိသည်ဟု သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်