တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ဟု ပြောသည်။
၂/၈ဝ ချည်ချောစက်ရုံခွဲသည် စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက် ချည်ပေါင်ချိန် (၄၈၄၀)ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများဖြင့် လုံချည်နှင့်ပိတ်များရက်လုပ်ပြီး ပိုလျှံချည်များကို ပြင်ပဈေး ကွက်သို့ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဟု ပြောသည်။
” အခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှုရဲ့ အစဖြစ်ပါတယ်”ဟု တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
ပင်မစက်ရုံဖြစ်သည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)အား ဝတ်ရေးဆိုင်ရာအထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှမှာယူတင်သွင်းမှုလျော့နည်းစေရန် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်စာချုပ်ချုပ်ဆိုကာ ၁၉၆၆-၁၉၆၇ ခုနှစ်တွင်တည်ဆောက်ပြီးစီးခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက်နိုင်ခဲ့၍ ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းများအတွက်လိုအပ်သော ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခုအထိ သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။