ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်(၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း ယင်းထက်ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။
ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်ဖီစိုက်ပျိုးဧက (၅၀၀၀၀) ကျော်ရှိပြီး Arabica ကော်ဖီ စိုက်ဧက (၃၈၀၀၀) ကျော်၊ Robusta ကော်ဖီ စိုက်ဧက (၁၂၀၀၀) ကျော်ရှိကာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆွတ်ခူးလေ့ရှိပြီး ပြည်ပဈေးကွက်သို့ လာမည့်နှစ် ဧပြီလတွင် စတင် တင်ပို့ရောင်းချသွားမည်ဖြစ်သည်။