စစ်သုံးပစ္စည်း တင်ပို့နိုင်ရေး စွမ်းရည်နှင့် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း မြှင့်တင်ရေးကြိုးပမ်းနေသည့် ဗီယက်နမ်နိုင်ငံသည် ကြာသပတေးနေ့(ဒီဇင်ဘာ ၁၉) တွင် မြို့တော်ဟနွိုင်၌ ပြုလုပ်မည့် နိုင်ငံတကာလက်နက်ပြပွဲတွင် ပြည်တွင်းလုပ်လက်နက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။
ပြခန်းပေါင်း ၂၅၀ နီးပါးတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ တူရကီနိုင်ငံတို့အပြင် အစ္စရေး၊ အီရန်၊ ရုရှားနှင့် ယူကရိန်းကဲ့သို့ စစ်ဖြစ်နေသည့်နိုင်ငံများမှ ထိပ်တန်းကာကွယ်ရေးကုမ္ပဏီများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။
ဗီယက်နမ်သည် တောင်တရုတ်ပင်လယ် နယ်နိမိတ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှုများရှိနေသည့် မတည်မငြိမ်ဖြစ်နေသောဒေသတွင် ၎င်း၏လက်နက်စွမ်းရည်အတွက် နှစ်အတော်ကြာ ရင်းနှီးမြှုပ်နှံထားခဲ့ပြီး အထူးသဖြင့် ရုရှားနိုင်ငံထံမှ လက်နက်များကို အဓိကတင်သွင်းသူဖြစ်သည်။
သို့သော်လည်း မကြာသေးမီက ဗီယက်နမ်သည် ၎င်း၏ ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကိုလည်း အားကောင်းလာစေခဲ့ပြီး ယခုအခါ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များ တင်ပို့မှုမြှင့်တင်ရေးသည် ဦးစားပေးဖြစ်ကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာနအရာရှိများက ထပ်ခါတလဲလဲ ပြောကြားထားသည်။
နိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီဖြစ်သော Viettel နှင့် အခြားဒေသတွင်း ကုမ္ပဏီများသည် ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ ဒရုန်းများ၊ လေကြောင်းကာကွယ်ရေးရေဒါများ၊ သံချပ်ကာယာဉ်များနှင့် အမြောက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမီဒီယာက ပြောဆိုခဲ့သည်။
ယင်းလက်နက်များထဲမှ အချို့သည် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်းဖြစ်လိမ့်မည်ဟု သြစတြေးလျနိုင်ငံ နူးဆော့သ်ဝေးတက္ကသိုလ်မှ ဗီယက်နမ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ငုယင်သီဖောင်က ပြောဆိုခဲ့သည်။
၎င်းတို့၏ လက်နက်အစိတ်အပိုင်းအချို့ကို ဗီယက်နမ်တွင် ထုတ်လုပ်နိုင်စေရေးအတွက် နိုင်ငံခြားလက်နက်တင်ပို့သူများနှင့် သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေးသည် ပြည်တွင်းစက်မှုလုပ်ငန်းအားကောင်းစေမည့် အဓိကမဟာဗျူဟာဖြစ်သည်ဟု သူက မှတ်ချက်ပြုခဲ့သည်။
Ref: ဘစ်နစ်ဝါးလ်