ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် မြို့ခံပြည်သူများမှာ ဗန်းမော်မြို့တွင်းရှိ ပညာတံခွန်ကျောင်းအပါအဝင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိပြီး၊ အသုတ်လိုက် မန္တလေးမြို့သို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။
“မနက်ဖြန် မန္တလေးကို စစ်ရှောင်ယာဉ်တန်း ထပ်ထွက်မှာပါ။ မန္တလေးက မိသားစုတွေ ကြိုပေးဖို့တော့ အကြောင်းကြားထားတယ်။ အချို့ကလည်း မန္တလေးမှာ မိသားစု ဆွေမျိုးသားချင်းမရှိတော့ ဘုန်းကြီကျောင်းတွေနဲ့ အခြားစေတနာအရ ကူညီပေးနေတဲ့ နေရာတွေမှာ ယာယီနေထိုင်ကြရမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အချို့ဒေသခံများမှာ မန္တလေးသို့ စစ်ရှောင်လိုသော်လည်း ဆွေမျိုးသားချင်းများမရှိသဖြင့် ဒေသတွင်း ဘုန်းကြီးကျောင်းများတွင် ဆက်လက်ခိုလှုံနေထိုင်လျှက်ရှိသည်ဟု သိရသည်။
ဗန်းမော်မြို့၌ ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ကနဦးတွင် ဒေသခံပြည်သူများ မြို့တွင်းပိတ်မိနေကြပြီးနောက် ဒီဇင်ဘာ (၁၂) ရက်မှစတင် ရေလမ်း၊ ကုန်းလမ်းများမှတဆင့် မန္တလေးမြို့သို့ အသုတ်လိုက်တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
စစ်ရှောင်ဒေသခံ ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးလွတ်ရာပြောင်းရွှေ့နိုင်ရေးအတွက် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသတွင်း လူမှုကူညီရေး ပရဟိတအဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။