စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်အား နစက မှ အမိန့်အမှတ် ၅၆/၂၀၂၄ ဖြင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။
ယင်း ကော်မရှင်အား ဥက္ကဋ္ဌအဖြစ် နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးများဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒု-ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်တိုးရီ၊ ဦးမင်းထွဋ်၊ ဦးအေးကျော်၊ ဦးသန့်စင်၊ ဦးဝင်းဖေတို့မှ အဖွဲ့ဝင်များအဖြစ်ပါဝင်မည်ဖြစ်သည်။
ထို့အတူ အဖွဲ့ဝင်များတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်တင်စိုးနှင့် UMFCCI ဥက္ကဋ္ဌဦးအေးဝင်းတို့လည်း ပါဝင်သည်။
ယနေ့တွင် နစကမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းခြင်း အပြင် စက်မှုဖွံ့ဖြိုးရေးကော်မရှင် နှင့်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်များကိုလည်း ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။