နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၈ ရက်က တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအပြီးတွင် ထူးချွန်ဆုရဗိုလ်လောင်းများနှင့်မိဘများကိုတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
တာဝန်ထမ်းဆောင်ရာဒေသများတွင် ပြည်သူလူထုကို ဆေးပညာအပြင် စာပေဗဟုသုတများဖြင့်လည်း နည်းကောင်းလမ်းပြပေးရမည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားသည်။
ထို့ပြင် ရှေ့ဆက်လျှောက်ရမည့် ဘဝခရီးတစ်လျှောက်တွင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်မပျောက်စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်ရမည်ဟု မှာကြားသည်။
” မိမိတို့တာဝန်ထမ်းဆောင်ရာဒေသတွေအလိုက် ပြည်သူလူထုကို ဆေးပညာနဲ့သာအကျိုးပြုရုံမကဘဲ မိမိတို့သိရှိထားတဲ့ စာပေဗဟုသုတတွေနဲ့လည်း နည်းကောင်းလမ်းပြပေးပြီး အကျိုးပြုကြရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားသည်။
ထို့ပြင် သင်တန်းဆင်းဗိုလ်လောင်းများအနေဖြင့် မိဘ/ဆရာတို့၏ဂုဏ်ကျေးဇူး၊ နိုင်ငံတော်နှင့်တပ်မတော် ၏ ဂုဏ်ကျေးဇူးတို့ကို သိတတ်နားလည်ကျေးဇူးဆပ်ရန်နှင့်သစ္စာစောင့်သိကြရန်လည်း မှာကြားခဲ့သည်။
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲတွင် အောင်စစ်သည်ဆုအား ဗိုလ်လောင်းကောင်းမြင့်မြတ်ထွန်း၊ လေ့ကျင့်ရေးထူးချွန်ဆုအား ဗိုလ်လောင်းသော်ဇင်ဦးနှင့် စာပေထူးချွန်ဆုအား ဗိုလ်လောင်းအောင်ကိုကိုထက် တို့ရရှိခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။