Home News Local News လားရှိုး-သီပေါကြား စဉ့်အင်တံတား (၄)ရက်ကြာ ယာယီဖြတ်သန်းခွင့်ပိတ်

လားရှိုး-သီပေါကြား စဉ့်အင်တံတား (၄)ရက်ကြာ ယာယီဖြတ်သန်းခွင့်ပိတ်

0
141

ရှမ်း/မြောက် လားရှိုးနှင့် သီပေါကြား ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားကို ယနေ့ ဒီဇင်ဘာ (၁၉)ရက်မှစတင်ကာ (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း ခရီးသွားတစ်ဦးထံက သိရသည်။

အဆိုပါ တံတားကို ပြီးခဲ့သော စက်တင်ဘာ (၅)ရက်၌ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း (၃)လအကြာ တံတားကြံ့ခိုင်ရေးပိုင်း ပြန်လည်စစ်ဆေးရမည်ဖြစ်သဖြင့် ယာယီပိတ်ခြင်းဖြစ်ကြောင်း ဆိုသည်။

စဉ့်အင်တံတားမှာ ရှမ်း/မြောက်အတွင်း ဖြစ်ပွားခဲ့သည့် ၁၀ ၂၇ ပထမ အကျော့တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ပြီးနောက် (၉)လခန့် အကြာတွင် ပြန်လည်ပြုပြင်၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“တံတားပြင်ဆင်နေချိန်အတွင်းတော့ ကားငယ်တွေ ဖောင်ဆိပ်က‌နေပြီးဖြတ်ရမှာပါ”ဟု အဆိုပါ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စဉ့်အင်တံတား မပြုပြင်ခင်အချိန်က ဒေသတွင်းခရီးသွားများအနေဖြင့် နမ့်လန်မှ ဆောင်ကြဲအထိ (၃)နာရီကြာ တောလမ်းများမှတဆင့် မောင်းနှင်ကြရပြီး ဆောင်ကြဲမှ ဟိုယ-နမ့်ပေါင်-လားရှိုးသို့ တစ်ကွေ့တစ်ပတ်သွားလာခဲ့ကြရကြောင်း သိရသည်။

ရှမ်း/မြောက်အတွင်း ပထမဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ ပျက်ဆီးခဲ့ရ‌သေးသည်။

ဓာတ်ပုံ-CJ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here