ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် လမ်းဘေးဈေးဆိုင်များအပါအဝင် ဆိုင်ခန်းဥပစာကို ကျော်လွန်ခင်းကျင်းရောင်းချနေသူများ ယခုလ ဒီဇင်ဘာ(၂၅)ရက် မတိုင်မီ အပြီးဖယ်ရှားရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဒီဇင်ဘာ (၁၈)ရက်နှင့် (၁၉)ရက်တို့တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတာဝန်ရှိသူများ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံသတိပေးကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး လမ်းဘေး ဝဲ/ယာ တလျှောက်တွင် ဖွင့်လှစ်ရောင်းချနေကြသော အိမ်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များအနေဖြင့် မိမိတို့ ပိုင်နက်ဥပစာကို ကျော်လွန်ကာ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်များအား လမ်းနယ်နိမိတ်ပေါ်သို့ ခင်းကျင်းချထားခြင်းတို့အကျုံးဝင်ကြောင်း သိရသည်။