နစက မှ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၉/ ၂၀၂၄ ဖြင့် ရုပ်ရှင်ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရုပ်ရှင်ဥပဒေ ပုဒ်မ ၂ ၏ ပုဒ်မခွဲ(က)၊ (ခ) နှင့်(ဇ) တို့အား အစားထိုးမှုများပြုလုပ်ခဲ့ပြီး ပုဒ်မခွဲ(ဇ) နောက်တွင်လည်း ပုဒ်မခွဲ(ဈ)အဖြစ် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်ဆိုခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်မှုများပြုလုပ်ခဲ့သည်။
ထို့ပြင် ရုပ်ရှင်ဥပဒေ ပုဒ်မ ၃ ၏ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)တွင်ပါရှိသည့် စကားရပ်များကိုလည်း အစားထိုးမှုများပြုလုပ်ခဲ့ပြီး ပုဒ်မ(၈)ခုနှင့် ပုဒ်မခွဲ(၂)ခုတို့တွင်ပါရှိသည့် “မြန်မာ့ရုပ်ရှင်လုပ်ငန်း”ဆိုသောစကားရပ်နေရာ၌ “ဦးစီးဌာန”ဟု အစားထိုးခဲ့သည်။
ထို့အတူ ရုပ်ရှင်ဥပဒေပုဒ်မ ၄ ၏ ပုဒ်မခွဲ(ဇ) နောက်တွင်လည်း ပုဒ်မခွဲ(ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)တို့ကို ထပ်မံဖြည့်စွက်ခဲ့ကာ ပုဒ်မ ၅ ၊ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ ၊ ပုဒ်မ ၂၈ တို့တွင်ပါရှိသည့် စကားရပ်များကိုလည်း အစားထိုးမှုများပြုလုပ်ခဲ့သည်။
ထို့အတူ ရုပ်ရှင်ဥပဒေ အခန်း(၇)၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်းတို့တွင်ပါရှိသည့် ပုဒ်မများ၊ အခန်း(၈)၏ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းဖော်ပြထားကာ ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့သည့် ရုပ်ရှင်ဥပဒေအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။