ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။
“ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ လာရောက် လည်ပတ် ဓာတ်ပုံရိုက်ကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းပန်းခင်းသည် လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားဆဲသာဖြစ်သောကြောင့် ဝင်ကြေးသတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ လာဗန်ဒါ ပန်းခင်းကို တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ ဉာဏ်ပင်ရွာအနောက်ဘက်လမ်းမှ ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ကာ ဘုရားဖြူရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ကလောဘက်မှ သွားမည်ဆိုပါက ပင်လောင်းလမ်းအတိုင်း ကလော/ တီကျစ်/ နောင်တရားလမ်း လာရောက်ရမည်ဟု ဆိုသည်။
ယင်းပန်းခင်းသည် ထိုင်းနိုင်ငံ၊ မယ်ဖာ့လုံ စီမံချက်မှစမ်းသပ်စိုက်ပျိုးထားသည့် ပန်းခင်းတခုလည်း ဖြစ်ပြီး စိုက်ပျိုးထားသည့် ဧက (၇)ဧက ခန့်ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ဟိန်းထက်ကျော်