သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။
ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။
မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး ပျံ့နှံ့လောင်ကျွမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် ဟက်တာ ၂၈၀၀၀ ကျော်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောဆိုသည်။
တောမီးလောင်မှုများကို မီးသတ်ယာဉ် ၁၀၀ ကျော်၊ လေယာဉ် 25 စီးနှင့်အတူ မီးသတ်သမား ၄၀၀ ခန့်က ငြိမ်းသတ်နေသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ လေတိုက်နှုန်း ကျသွားသောကြောင့် မီးရှိန်တည်ငြိမ်သွားပြီဖြစ်သည်ဟု စီရင်စုမီးသတ်အာဏာပိုင်အဖွဲ့ ဒုတိယအရာရှိချုပ် ဂယ်ရီကွတ်က သတင်းဌာနကို ပြောဆိုခဲ့သည်။
လူ ၃၃ ဦးေ-သဆုံးကာ တူရကီနိုင်ငံအရွယ်အစားဧရိယာမျှ လောင်ကျွမ်းခံခဲ့ရသည့် ၂၀၁၉-၂၀၂၀ က “Black Summer” တောမီးဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက မီးလောင်ဖြစ်စဉ်နည်းပါးသော ရာသီများကိုဖြတ်သန်းခဲ့အပြီးတွင် ယခုနှစ်သြစတြေးလျ၏ နွေရာသီသည် အန္တရာယ်များသော တောမီးရာသီဖြစ်ကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။
Ref: အက်ဖ်အမ်တီ