ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတလျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေးအပိုင်းလိုက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် ခေတ်မီလှပသော ဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး တံတားများအနက် ရေ လမ်းကင်းလွတ် အမြင့်အများဆုံး ကြိုးဆိုင်းတံတား တစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက် မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက်တစ်ချက်တွင် တပ်ဆင်ထားသည့်အပြင် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခ ကောက်ခံရေး စခန်း (Toll Plaza)နှင့် တန်ပိုယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်း တည် ဆောက်ထားကြောင်း သိရသည်။