ဘရာဇီးနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုကို ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် တနင်္ဂနွေနေ့က ယာဉ်များဖြတ်သန်းနေစဉ်တွင် ကျိုးကျခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆာလဖျူရစ်အက်ဆစ်များသည် Tocantins မြစ်အတွင်းသို့ ယိုဖိတ်ခဲ့သည်။
Maranhao ပြည်နယ် Estreito မြို့နှင့် နှင့် Tocantins ပြည်နယ် Aguiarnopolis မြို့များကို ဆက်သွယ်ထားသည့် ၅၃၃ မီတာအရှည်ရှိတံတားသည် မွန်းလွဲပိုင်း၌ အလယ်ဗဟိုနေရာမှ ကျိုးကျခဲ့ခြင်း ဖြစ်သည် ဟု နိုင်ငံတော် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦဌာနမှ ပြောဆိုသည်။ အက်ဆစ်များသယ်ဆောင်လာသည့် ဆီတင်ယာဉ်တစ်စီးသည် မြစ်ရေပြင်သို့ ပြုတ်ကျခဲ့သည်။
ယင်းဖြစ်စဉ်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်ပေးခဲ့သည်ဟု မီးသတ်ဌာနက ပြောဆိုသည်။
Aguiarnopolis မြို့တော်ကောင်စီဝင် အလီယက်စ် ဂျူနီယာက တံတားသည် ကုန်တင်ယာဉ်ကြီးများဖြတ်သန်းမှုကို ခံနိုင်ရည်မရှိနိုင်တော့ကြောင်းနှင့် ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အာဏာပိုင်များကို တောင်းဆိုသည့် ဗီဒီယိုမှတ်တမ်းရိုက်ကူးနေခဲ့သည်။ သူသည် တံတားပေါ်ရှိ အက်ကြောင်းတစ်ခုကို ညွှန်ပြနေစဉ် သူ့ရှေ့တွင်ပင် တံတားကျိုးကျ၍ နောက်ပြန်ပြေးခဲ့ရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုခဲ့ရာ ဂျူနီယာက တုန့်ပြန် ပြောကြားခဲ့ခြင်း မရှိပေ။
ကနဦးခန့်မှန်းချက်များအရ မီတာ ၅၀ ကျော်နက်သော မြစ်အတွင်းသို့ ကုန်တင်ကားနှစ်စီး၊ ယာဉ်ငယ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး ပြုတ်ကျသွားခဲ့ကာ လူ ၁၁ ဦးထက်မနည်းသည် မတော်တဆ ဖြစ်စဉ်၌ ပါဝင်ခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။
ပြုတ်ကျခဲ့သော ကုန်တင်ကားတစ်စီးမှ ဆာလဖျူရစ်အက်ဆစ်များ ယိုဖိတ်ခဲ့သည်ကို ထုတ်ဖော်သိရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးရေငုပ်သမားများသည် ညနေပိုင်းတွင် ၎င်းတို့လုပ်ငန်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သည်ဟု Tocantins ပြည်နယ်မီးသတ်ဌာနက ပြောဆိုခဲ့သည်။
ကျိုးကျခဲ့သည့် Juscelino Kubitschek de Oliveira တံတားကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။
Ref: သည်အီကော်နောမစ်တိုင်းမ်စ်