နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အလွန်အသုံးဝင်သည့် (၆၃)မီတာအရှည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး သည် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားတွင် ကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့၌ တပ်တော်ဝင်ခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့နှင့် ရေယာဥ်(၂)စီးတပ်တော်ဝင်ခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင်ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက်အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့်ပြည့်နှက်လျက်ရှိသည်ဟု ပြောသည်။
ပြီးပြည့်စုံပြီးအဖိုးတန်သည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကိုကာကွယ်နိုင်ရန် တပ်မတော် (ရေ)အား ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်စေရေးအတွက် စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက်ပေးနေသဖြင့် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သော သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်တက်လှမ်းနိုင်ခဲ့ပြီဟု ပြောသည်။
” ဒုတိယအဆင့်အနေနဲ့ မြန်မာ့ပင်လယ်ပြင်နဲ့ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ရေတပ်အဖြစ် တက်လှမ်းနိုင်ဖို့အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရပါမယ်။ အဲဒီလို ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ ရေတပ်ဖြစ်စေဖို့ တိုက်စွမ်းအားပြည့်ဝတဲ့ စစ်ရေယာဉ်ကြီးတွေမဖြစ်မနေလိုအပ်တာကြောင့် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းတွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် တပ်မတော်(ရေ)အား တိုက်ပွဲဝင်အသင့်ဖြစ်စေရန် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု(၃)ရပ်နှင့်ပြည့်စုံအောင်ဆောင်ရွက်သွားရမည်ဟု ပြောသည်။
အလားတူ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း လက်နက်နှင့် လက်နက်စနစ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်ဆောင်ရွက်ကာ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက်ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း မှာကြားခဲ့သည်။