စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာငုံးမွေးမြူရေးဇုန်မှတစ်ရက်လျှင် ငုံးဥအလုံး (၅) သိန်းကျော်ထွက်ရှိကြောင်းသိရသည်။
မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူရေးလုပ်ငန်းရှင် (၄ဝ) ဦးကျော်မှ ငုံးကောင်ရေ (၆) သိန်းကျော်အား ငုံးခြံ (၉၀) ဖြင့်မွေးမြူလျက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချရလျက်ရှိကြောင်း သိရသည်။
မုံရွာငုံးမွေးမြူရေးဇုန်၊ အစည်းအဝေးခန်းမသို့ ဒီဇင်ဘာလ (၂၄) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများရောက်ရှိကာ ငုံးမွေးမြူရေးလုပ်ငန်းရှင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ ငုံးမွေးမြူရေးလုပ်ငန်းရှင်များက ငုံးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်းသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငုံးမွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ငုံးမွေးမြူရေးဇုန်အတွင်း ငုံးများမွေးမြူထားရှိမှု၊ ငုံးဥများထုတ်ပိုးနေမှုများနှင့် အစာစပ်စက်ရုံတို့အား လိုက်လံကြည့်ရှုခဲ့သည်။