မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားခရီးသွားများအတွက် အပျော်စီးသင်္ဘောများစီစဉ်ဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်မြို့အခြေစိုက် Exploring Myanmar Culture and Tourism Organization ဥက္ကဋ္ဌ Mr. David Liu တို့ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက မြန်မာ- တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် EMCTO ဥက္ကဋ္ဌ Mr. David Liu နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ကဏ္ဍများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအကြောင်းကို တရုတ်ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံသုံး Social Media အကောင့်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ တရုတ်နိုင်ငံမှ ပင်လယ်ရေကြောင်း အပျော်စီးသင်္ဘောများဖြင့်လာရောက်မည့် ခရီးသွားဧည့်သည်များကိုဖိတ်ခေါ်ရေး၊ အပျော်စီးသင်္ဘောခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ခရီးသွားမြှင့်တင်ရေးဆိုင်ရာများနှင့် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် EMCTO နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာ -တရုတ်နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိုယ်စားလှယ်အသိအမှတ်ပြုလက်မှတ်အား ပြည်ထောင်စုဝန်ကြီးက EMCTO ဥက္ကဋ္ဌထံ ပေးအပ်ခဲ့သည်။