မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၉)နာရီ (၅၉)မိနစ်အချိန်တွင် မီးညွှန့်ကျိုးကာ မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၀)နာရီ (၃) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သွပ်မိုး (၄)ခန်းတွဲ ပျဉ်ကာ (၂)ဆောင်၊ စုစုပေါင်း အခန်း (၈)ခန်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ကနဦး ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီး ဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ (၈)ရက် ညနေပိုင်းအချိန်ကလည်း ချမ်းမြသာစည်မြို့နယ် (၁၁၂) လမ်းနှင့် (၅၉) လမ်းကြားရှိ ဆိုင်ခန်းတစ်ခန်းတွင် Level 1 အဆင့်ရှိ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။