Home News Local News သောင်းနှင့်ချီရှိနေသည့် ဗန်းမော်ဒေသခံ တိုက်ပွဲရှောင်များ အရေးပေါ် အကူအညီများလိုအပ်နေ

သောင်းနှင့်ချီရှိနေသည့် ဗန်းမော်ဒေသခံ တိုက်ပွဲရှောင်များ အရေးပေါ် အကူအညီများလိုအပ်နေ

0
115

ဗန်းမော်မြို့တိုက်ပွဲအတွင်း အခြေအနေအရပ်ရပ်ကြောင့် အဝေးနေရာများသို့ မပြောင်းရွှေ့နိုင်ဘဲ ပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် ခိုလှုံနေကြရသည့် ဒေသခံ (၁၀,၀၀၀)ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယင်း ဒေသခံစစ်ဘေးရှောင်များမှာ ဗန်းမော်မြို့ပြင်နေရာအသီးသီးနှင့် ဧရာဝတီတစ်ဖက်ကမ်းမြစ်ကြောင်း တလျှောက်ရှိကျေးရွာများဖြစ်သည့် မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေးရွာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။

၎င်းတို့အနေအဖြင့် စစ်ရှောင်များ၏ အဓိကလိုအပ်ချက်များဖြစ်သည့် နေရာ ထိုင်ခင်း၊ အစားအသောက်၊ ရာသီဥတုဒဏ်ခံနိုင်သည့် အမိုးအကာ၊ ဆေးဝါးကုသမှု စသည့်များ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ရှောင်ဆိုထဲက လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဒါတွေ ဖြည့်ဆည်းဖို့ကလည်း တစ်ဖက်မှာအခက်အခဲတွေအများကြီးပေါ့။ နိုင်သလောက်တော့ ကူနေကြပါတယ်။ တိုက်ပွဲတွေဖြစ်နေတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းကလည်း သတိကြီးကြီးထားပြီး သွားလာနေကြရတာ။ ဒီဘက်က အခုရာသီဆိုအရမ်းအေးတော့ သူတို့နွေးနွေးထွေးထွေးနေနိုင်ဖို့ စောင်တို့ ၊အနွေးထည်တို့လိုတာပေါ့။ အခု အချိန်အထိတော့လက်လှမ်းမှီသလောက်တော့လုပ်နေကြပါတယ်။ သူ့အဖွဲ့နဲ့သူအဖွဲ့ပေါ့။”ဟု ဗန်းမော်စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ဗန်းမော်မြို့တိုက်ပွဲမှာ တစ်လကျော်ကြာမြင့်လာသည်နှင့်အမျှ စစ်ရှောင်များ၏ လိုအပ်ချက်မြင့်တက်လာသည့်အပြင် ကူညီဆောင်ရွက်ရန် ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် ထိရောက်စွာ ကူညီနိုင်မှု အားနည်းနေသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စစ်ဘေးရှောင်များအတွင်း သက်ကြီးရွယ်အို၊ ကိုယ်ဝ-န်ဆောင်အမျိုးသမီး၊ ကလေ-းငယ်များနှင့် နာတာရှည်ကျန်းမာရေးမကောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အဓိက အခန်းကဏ္ဍတွင်လည်း ပါဝင်သည်ဟု ဆိုသည်။

“သူတို့အတွက်ကတော့နွေးနွေးထွေးထွေးနေနိုင်ဖို့နဲ့ဆေးဝါးပေါ့။ ကျန်သူတွေကတော့ စားသောက်ရေးအတွက်ချက်ပြုတ်ဖို့ အိုးခွက်ကအစ လိုနေတာ‌ပါ”ဟု ဆို သည်။

လက်ရှိအချိန်အထိ ဗန်းမော်မြို့တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းများပြတ်တောက်နေခြင်းတို့ကြောင့် လူစုကွဲကာ တစ်နေရာစီသို့ရောက်ရှိနေသော မိသားစုဝင်များအကြား အဆက်အသွယ်ပြတ်တောက်နေခြင်းများလည်းရှိနေသေးကြောင်း သိရသည်။

ဗန်း‌မော်စစ်ဘေးရှောင်များ အခြေအနေသည် ငွေကြေးတတ်နိုင်သူများအနေဖြင့် ရန်ကုန်၊မန္တလေး၊တောင်ကြီးမြို့ပေါ်သို့ တိမ်းရှောင်နေကြပြီး၊ ကျန် စစ်ဘေးရှောင်များမှာ မြေပြင်ကူညီဆောင်ရွက်သူများ၏ အကူအညီကိုသာ အားထားနေရကာ၊ ဗန်းမော်မြို့ ပတ်ဝန်းကျင်ရှိ တိုက်ပွဲလွတ်ရာနေရာများတွင် ခိုလှုံနေထိုင်ကြရခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်အထိ ဗန်းမော်မြို့စစ်‌ဘေးရှောင်များ၏ စာရင်းအရေအတွက် အတိအကျကိုမူ ပြုစုနိုင်ခြင်းမရှိသေးဘဲ ခန့်မှန်း အရေအတွက် သိန်းနှင့်ချီ၍ ရှိနိုင်သည်ဟု သိရသည်။

ဓာတ်ပုံ-Simsa Kasa

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here