မြန်မာ – ကိုရီးယားနှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး (FGPT) ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim တို့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၁၀) နာရီခွဲအချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခိုင်မာရေး နှင့် ပညာရေးနှင့် သက်ဆိုင်ရာကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများအပါအဝင် မြန်မာသံတမန်များအတွက် ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။