တူညီသောပန်းတိုင်သို့ရောက်အောင် စုပေါင်းအင်အားဖြင့် အစွမ်းကုန်ချီတက်နိုင်ရန် ကြိုးစားကြရမည်ဟု ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက တိုက်တွန်းပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်က “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နှင့်ပိတ်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံအတွင်း မဏ္ဍိုင်(၃)ရပ်အောက်ရှိ ကဏ္ဍပေါင်းစုံလွှမ်းခြုံသော မဟာဗျူဟာမြောက် နိုင်ငံတော်အဆင့်လုပ်ငန်းစဉ် မူကြမ်းတစ်ရပ်ပေါ် ထွက်လာနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ပေါင်းစပ်ညှိနှိုင်းသွားကြရမည်ဟု ဝန်ကြီးဦးသန်းဆွေက တိုက်တွန်းပြောကြားခဲ့သည်။
နှစ်ရက်တာကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဝန်ကြီးဌာနများကြား ကွန်ရက်တစ်ခုပေါ်ထွက်ခဲ့ကာ ဆွေးနွေးပွဲရလဒ်များကိုအခြေခံ၍ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းရေးဆွဲသွားမည်ဖြစ်သည်။
ထို့ပြင် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ဖော်ဆောင်ရာ၌ အာဆီယံမဏ္ဍိုင်အသီးသီး၏ ဗျူဟာမြောက်လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက အပြုသဘောပူးပေါင်းပါဝင်ကာ မိမိတို့နိုင်ငံအကျိုးကို ဒေသအကျိုးစီးပွားနှင့် ချိတ်ဆက်ဖော်ဆောင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြသည်။