ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာရာ မီးဘေးအန္တရာယ် အထူးဂရုစိုက်ကာ သတိပြုနေထိုင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့နေထိုင်သူများက သုံးသပ်ပြောဆိုနေကြသည်။
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယခုလဆန်းပိုင်းမှစတင်ကာ ပုံမှန်ထက်အချိန်လျှော့ကာ မီးအလှည့်ကျပေးနေရပြီး နိုင်ငံတစ်ဝန်း မီးပျက်ချိန် များနေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ မီးပျက်ချိန်များနေသည့်အတွက် လျှပ်စစ်နှင့် ပတ်သက်၍ သတိလက်လွတ်အသုံးပြုမှုများကြောင့် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်ကြရသည်ကို လေ့လာတွေ့ရှိရသည်။
ယခုရက်ပိုင်းများတွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသအချို့တွင် နေ့စဉ် ရက်ဆက်ဆိုသလို မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေပြီး အချို့ဖြစ်စဉ်များတွင် လူထိခိုက်ေ-သဆုံးမှုများပါ ရှိနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် (၃ ၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေ (၁၅၃)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ (၁၀) ရက် ညနေပိုင်းကလည်း မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် ၊ လမ်း (၃၀) ၊ (၆၈) လမ်းနှင့် (၆၉) လမ်းတွင် Level 1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေလိုင်းခန်း (၈) ခန်း မီးလောင်ဆုံးရှုံးခဲ့ရသည်ကို တွေ့ရသည်။
“အခုက ရာသီဥတုအခြေနေက တစ်ကြောင်း မီးပျက်/ မီးလာချိန်တွေမှာ မီးသတိမပြုမိမှုတွေက တစ်ကြောင်း မီးလောင်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာ မီးဘေးအန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်လာနေပြီ အိုးမဲ့ အိမ်မဲ့ ဖြစ်နေတာတွေအပြင် လူ့အသက်ဆုံးရှုံးလာတာတွေပါရှိလာနေတော့ သတိထားဖို့ လိုအပ်လာနေပါပြီ”ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ယမန်နေ့ ဇန်နဝါရီ (၁၀)ရက် နံနက်ပိုင်း အချိန်တွင်ပင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တွင် မီးလောင်မှု (၂)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၇)နာရီ (၁၆)မိနစ်အချိန်ခန့်ကမင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် (၇)နာရီ (၂၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ ) လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ (၁၀) ရက်၊ နံနက် (၁၁)နာရီခွဲအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ ကေတုမတီလ မ်းတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီ မိနစ် (၄၀)အချိန်တွ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်များသည် အကြောင်းအမျိုးမျိုး ရှိနေသော်လည်း ယခုကာလအတွင်း၌ လျှပ်စစ်မီးပြတ်တောက်ပြီး ပြန်လာချိန်များတွင် ပေါ့ဆမှုကြောင့်လည်း လောင်ကျွမ်းမှုများရှိကြောင်း မီးသတ်ဦးစီးဝန်ထမ်းတစ်ဦးကပြောသည်။
“မီးမလာတဲ့အချိန် ခလုတ်တွေဖွင့်ထားမိတယ်။ မီးလာတော့ အဲဒါကအကြာကြီးဖြစ်ပြီး လောင်တယ်၊ ပြီးတော့ ကွာလတီ မမီတော့တဲ့ ဝိုင်ယာကြိုးတွေ အပူချိန်လွန်ကဲပြီးလောင်တယ်။ မီးလာတဲ့အချိန်မှာ အကုန်ပြုံပြီး ဝိုင်းသုံးကြတော့ (over load)ဖြစ်ပြီးလောင်တယ်” ဟု သူက ရှင်းပြသည်။
ယခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၈) ရက်အထိ ရန်ကုန်တွင် မီးလောင်မှုဖြစ်စဉ် (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုသည် ဝါယာရှော့ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
မီးသတ်ဌာနက ဖော်ပြထားသည့် စာရင်းများအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မီးလောင်မှုဖြစ်စဉ် (၃၈) မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်တွင် (၁၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။