ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင် နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေသည်ဟု မြေပြင်စစ်ရှောင်အရေးဆောင်ရွက်နေသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နေရပ်သို့ ပြန်လည်လိုက်ပါသူများအနေဖြင့် ဗန်းမော်မြို့အထိ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရွှေကူမြို့အထိ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
” စားသောက်ရေးနဲ့ နေထိုင်ရေးအခက်အခဲရှိသူတွေက သူတို့နေရပ်ကိုပြန်ချင်တာမျိုးတွေရှိတယ်။ ဒါ့ကြောင့် ဗန်းမော်စစ်ရှောင်တွေကိူ ရွှေကူမှာ သွားကြိုတဲ့ ခရီးစဉ်အတွက် အသွားလမ်းဒီအတိုင်းကြီး ဆင်းတာထက် လိုက်ချင်တဲ့သူတွေကို ပြန်ခေါ်ပေးသွားတဲ့ သဘောပါ။အချို့ကလည်း မန္တလေး ဆေးလာကုကြပြီး သက်သာလို့ နေရပ်ပြန်ချင်သူတွေကိုလည်း အခမဲ့ခေါ်သွားမှာပါ။ ဆေးလာကုလို့ နေရပ်ပြန်တဲ့သူတွေကတော့ ဗန်းမော်မြို့ကတော့ မဟုတ်ဘူး၊ မြို့နဲ့ (၁၅)မိုင်လောက်ဝေးတဲ့ရွာတွေမှာနေတဲ့သူတွေပါ”ဟု ၎င်းက ရှင်းပြသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် ဗန်းမော်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၄) ရပ်ကွက်ရှိပြီး၊ ဗန်းမော်မြို့နယ်အတွင်း မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲများမှာ ဗန်းမော်မြို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ပတ်ဝန်းမြို့နယ်များရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် မန္တလေးမြို့တွင် နေထိုင်မည့်အစား အဆိုပါ ကျေးရွာများတွင် နေထိုင်ကြရန်ဆုံးဖြတ်သူများလည်း ရှိနေကြောင်း သိရသည်။
ဗန်းမော်မြို့ တိုက်ပွဲကြောင့် မန္တလေးမြို့အပါအဝင် ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်းရှိ ဒေါ့ဖုန်ယန်၊ မိုးမောက်၊ မံစီ မြို့နယ်များသို့ တိမ်းရှောင်နေသူများရှိသလို ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်ကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေး ရွာများသို့ တိမ်းရှောင်နေကြသူများလည်း ရှိကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။