လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးရေးသားထား သည်။
လတ်တလောအချိန်တွင် အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များ သတိထားကြရန်နှင့် အအေးဆုံးအချိန်မှာ နံနက် စောစော (၂) နာရီမှ (၇) နာရီလောက်အထိ အအေးဆုံးအချိန်များဖြစ်ပြီး အပူဆုံးအချိန်မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီကျော်သည်အထိ ဖြစ်နေတတ်ကြောင်း ၎င်းက ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ ညဦးပိုင်းသိပ်မအေးခင်မှာ အနွေးထည်မပါဘဲ အိပ်တတ်ကြတဲ့အတွက် အအေးပိုလာချိန်မှာ မနိုးရင် လေဖြတ်သွားတတ်ပါတယ်။ ပူတဲ့ အချိန်တွေမှာတော့ အရိပ်အောက်မှာနေခြင်း၊ ချွေးထွက်မလွန်အောင်နေခြင်းဖြင့် heat-stroke ဖြစ်နိုင်မဲ့ အန္တရာယ်ကို အသိရှိရှိကာကွယ်နိုင်ကြပါလိမ့်မယ်”ဟု ဦးဝင်းနိုင်က ဆိုထားသည်
သို့သော် လက်ရှိ အချိန်မှာတော့ လွန်ကဲသည့် အပူချိန်မဖြစ်သေးသောကြောင့် စိုးရိမ်စရာ မရှိသေးကြောင်းလည်း ၎င်းက ဆိုထားသည်။