ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် – ၁၉ ရောဂါပိုး၊ Human meta pneumo virus (HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေ-းငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကူးစက်ရောဂါများသည် ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှထွက်ရှိသည့် အစက်အမှုန်များ(Droplets) မှတဆင့် ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကပ်တင်နေသည့် အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များအား လက်ဖြင့်ထိမိပြီး ပါးစပ်၊နှာခေါင်းနှင့် မျက်စိတို့အား ထပ်ဆင့်ထိမိရာမှ တစ်ဆင့်ကူးစက်နိုင်ကြောင်း သိရသည်။
ယင်းကူးစက်ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရောဂါပြင်းထန်ပါက လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ဖြစ်တတ်ပြီး ရောဂါသံသယလက္ခဏာများ ခံစားရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ဝတ်ဆင်ခြင်း၊ ဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးပါက နှာခေါ င်း နှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်းတို့ကို ပြုလုပ်ရန် သတိပေးထားသည်။
ထို့ပြင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသော ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြရန်နှင့် မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ စောစီးစွာ သွားရောက်ပြသ၍ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။