ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လာရောက် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင်များအား မန္တလေးမြို့သို့ ထပ်မံပို့ဆောင်မည့် (၅)ကြိမ်မြောက် ခရီးစဉ်ကို ယနေ့ ဇန်နဝါရီ(၁၅)ရက်၌ စတင်ခဲ့ကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
ဗန်းမော်မြို့တိုက်ပွဲကြောင့် မိမိအစီအစဉ်ဖြင့် ရွှေကူမြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော ရာနှင့်ချီသည့် ဒေသခံများကို မန္တလေးမြို့သို့ သယ်ဆောင်ပို့ပေးနေသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးအပါအဝင် မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းများ ၌ ယာယီခိုလှုံနေကြသူများဖြစ်ကြောင်း သိရသည်။
” မန္တလေးဘက်ကို လိုက်ချင်တဲ့ စစ်ရှောင်တွေကို ရွှေကူမြို့ နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးနဲ့ ကမ်းနားလမ်းက မင်းကျောင်း ဘုန်းကြီးကျောင်းမှာ စာရင်းပေးထားဖို့ ချိန်ဆက်ထားပါတယ်။ ဘယ်အရေအတွက်အထိ လိုက်မလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ ကားလေးစီးနဲ့ သွားကြိုဖို့ ဒီနေ့ မနက် မန္တလေးက စထွက်ပါပြီ”ဟု ဆိုသည်။
လက်ရှိ ဗန်းမော်မြို့အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး ၊ ပတ်ဝန်းကျင်မြို့နယ်များရှိ ကျေးရွာများ၌ ရှောင်တိမ်းနေသူများလည်း ရှိနေသေးသည်ဟု သိရသည်။
“သူတို့အနေနဲ့ ရွှေကူဘက်တို့ တိုက်ပွဲလွတ်တဲ့ စင်းခန်းဘင်တို့ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်မြို့ထဲကနေထွက်လာခိုင်းတာမျိုးတွေပြောထားပါတယ်။ ကယ်ဆယ်ရေးအစီအစဉ်က သက်ကြီးရွယ်အိုနဲ့ ကိုယ်-ဝန်ဆောင်နဲ့ နာမကျန်းနေသူတွေကအပ မြို့တွင်းဝင်ရောက် ကယ်ထုတ်ဖို့အဆင်မပြေနိုင်တာကြောင့်ပါ “ဟု ဖြည့် စွက် ရှင်းပြသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် ဗန်းမော်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၄)ရှိပြီး၊ဗန်းမော်မြို့နယ်အတွင်းကျေးရွာ ပေါင်း(၄၅)ရွာရှိကြောင်း သိရသည်။
ဗန်းမော်မြို့ တိုက်ပွဲကြောင့် မန္တလေးမြို့အပါအဝင် ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်းရှိ ဒေါ့ဖုန်ယန်၊ မိုးမောက်၊ မံစီ မြို့နယ်များသို့ တိမ်းရှောင်နေသူများရှိသလို ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေးရွာများသို့ တိမ်းရှောင်နေကြသူများလည်း ရှိကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။