မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ၂၀၂၄ – ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၉၀) ဧကနှင့် အခြားသီးနှံ (၉၁၀) ဧက၊ စုစုပေါင်း (၁၃၀၀)ဧကကို လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း (၁၃၀၀) အတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ဖူးစာပြောင်းနှင့် အခြားသီးများအတွက် စိုက်ပျိုးရေကို ဇန်နဝါရီ (၂၅) ရက်မှ စတင်ရေပေးဝေသွားမည်ဟု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးညွန့်လင်းက နိုင်ငံပိုင် သတင်းဌာနသို့ ပြောဆိုသည်။
ထိုကဲ့သို့ စိုက်ပျိုးရေကို ရာသီမရွေး လုံလောက်စွာ ပေးဝေနိုင်ရန်နှင့် မီတာယူနစ် ကုန်ကျစရိတ်သက်သာအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ အဆိုပါ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း(၂)ခုမှ ယခင်နှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၇၈) ဧကနှင့် အခြားသီးနှံ (၉၄၆) ဧကကို စိုက်ပျိုးရေများ အောင်မြင်စွာ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။