ဟောင်ကောင်အစိုးရ တာဝန်ရှိသူများသည် အာရှ၏ ဘဏ္ဍာရေးအချက်အချာဒေသ ဖြစ်သော ဟောင်ကောင်မှ ဖြားယောင်းသိမ်းသွင်းခဲ့ပြီးအရှေ့တောင်အာရှရှိ တရားမဝင်လုပ်ငန်းအတွှင်း ထောင်ချောက်မိနေခဲ့သူများကို နေရပ်ပြန်ခေါ်နိုင်ရေး နည်းလမ်းများရှာဖွေရန်နှင့် ကြီးထွာလာသော ရာဇဝတ်လုပ်ငန်းကို တိုက်ဖျက်ရန် ယခုသီတင်းပတ်တွင် ဘန်ကောက်၌ ထိုင်းတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံသို့ အလည်အပတ်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်တွင် ပြန်လည်တွေ့ရှိ ကယ်ဆယ်ခဲ့ရသော တရုတ်သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံခဲ့ရသည့်ဖြစ်စဉ်ပေါ်ပေါက်အပြီးတွင် အင်္ဂါနေ့က ဆွေးနွေးပွဲဖြစ်ပေါ်လာခဲ့သည်။
ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံရှိ နယ်စပ်မြို့များသည် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများအတွက် ဒေသတွင်း အချက်အချာနေရာများဖြစ်လာပြီး ယင်းနေရာများရှိ ငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်ရန်အတွက် ထောင်ပေါင်းများစွာသောလူများ လူကုန်ကူးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောဆိုခဲ့သည်။
“ဟောင်ကောင်ဒေသခံတွေ အရှေ့တောင်အာရှနိုင်ငံတွေဆီ ဖြားယောင်းခေါ်ဆောင်ခံရပြီး တရားမဝင်အလုပ်တွေလုပ်ဖို့ ထိန်းသိမ်းခံထားရတယ်လို့ သံသယဖြစ်စရာ လက္ခဏာတွေ ပြန်တွေ့လာရတယ်” ဟု ဟောင်ကောင်အစိုးရက ပြောဆိုသည်။
ယင်းသို့သော လက္ခဏာရပ်များသည် ၂၀၂၄ ခုနှစ် ဒုတိယလေးလပတ်တွင် ပိုမိုများပြားလာခဲ့သည်ဟုလည်းသတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။
ဟောင်ကောင်လုံခြုံရေးအရာရှိ မိုက်ကယ်ချောက်ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် အင်္ဂါနေ့တွင် ထိုင်းရဲတပ်ဖွဲ့၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ဟောင်ကောင်ဒေသခံများ ဘေးကင်းစွာဖြင့် ပြန်နိုင်ရေးကို တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြသည်ဟု အစိုးရ၏ နောက်ဆက်တွဲ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် လစာမြင့်မားသော ပြည်ပအလုပ်အကိုင်များပေးမည်ဆိုသည့် ကတိကဝတ်များပေးကာ မြန်မာနယ်စပ်မြို့ မြဝတီသို့ ဖြားယောင်းခေါ်ဆောင်သော သတင်းများထွက်ပေါ်လာပြီးနောက် တယ်လီကွန်းနှင့် အွန်လိုင်းအလိမ်အညာများကို သတိပြုကြရန် သောကြာနေ့တွင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ၎င်း၏ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
Ref: ယူအက်စ်နူးစ်