ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော် ကို လာမည့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခေါ်ယူခဲ့ကြောင်းသိရသည်။
ဦးအောင်ကျော်ကျော်သည် ၁၉၉၃ ဆီးဂိမ်းတွင် သူ၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် အိမ်ရှင် စင်ကာပူအသင်းကို ကျော်ဖြတ်ကာ မြန်မာအသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး၊ မြန်မာပရိသတ်များအကြား ဦးအောင်ကျော်ကျော် ဟူ၍ လူသိများလာခဲ့သူ တစ်ဦးဖြစ်သည်။
ထို့အပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် တောက်လျှောက်ပါဝင်ကစားခဲ့ကာ ၁၉၉၉ ခုနှစ်တွင် လက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့သူတစ်ဦးဖြစ်သည်။
နည်းပြဘဝကို မိခင်အသင်းဖြစ်သည့် စီမံဘဏ္ဍာ အသင်းနှင့်အတူ စတင်ခဲ့ပြီး မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်သို့ ကူးပြောင်းခဲ့သည် ၂၀၀၉ ခုနှစ်တွင် Delta United အသင်း (ယခု ဧရာဝတီယူနိုက်တက်အသင်း) နှင့် ကမ္ဘောဇအသင်း (ယခု ရှမ်းယူနိုက်တက်) အသင်းတို့၌ ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ထို့နောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင်လည်း ဂိုးနည်းပြတာဝန်ယူခဲ့သလို ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းတွင်လည်း ဂိုးနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းနှင့်အတူ ဂိုးနည်းပြ တာဝန်ကို ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုနှစ်ပြိုင်ပွဲများအတွက် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။