ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။
၎င်းမှ ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှတည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်(၅၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၅၀)အတွင်း နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးကဏ္ဍများအပြင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများတွင်ပါ ခိုင်မာသောဆက်ဆံရေးကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များကို မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo မှလည်း ၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်၍ အစိုးရများကြားတွင်သာမက လွှတ်တော်များကြားတွင်လည်းပူး ပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားလိုသည်ဟု ပြောသည်။
ထို့ပြင် အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ ကုန်သွယ်မှု(၂၃)ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှု(၃၇)ဆမြင့်တက်လာခဲ့ကာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သော ရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင်တက်ကြွစွာဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။