မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ပြည်ပငွေလိမ်ဂိုဏ်းများသည် မြင့်မားသောလစာ၊ အစားအစာ၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များ စီစဉ်ပေးမည်ဆိုသော ကတိကဝတ်များဖြင့် တရုတ်နိုင်ငံသားများကို လိမ်ညာလှည့်ဖြားကာ ထိုင်းနိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့ကဲ့သို့ မြို့များရှိ တယ်လီကွန်အလိမ်အညာလုပ်ငန်းများတွင် ၎င်းတို့ကို ပိတ်မိနေစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ စီစီတီဗီက ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားထားသည်။
ဇန်နဝါရီလအစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့သည့် တရုတ်သရုပ်ဆောင်မင်းသား၏ အမှုပေါ်ပေါက်ခဲ့ပြီးနောက် စီစီတီဗီ၏ သတင်းထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။
သူသည် လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့သည်ဟု ယူဆကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပြည်ပတွင် ထောင်ချောက်မိနေသော နိုင်ငံသားများကို ကယ်တင်ရန်နှင့် တယ်လီကွန်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အခြားနိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးဌာနများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းဆောင်းပါးတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်တလျှောက် လှုပ်ရှားနေသည့် ကိုးကန့် မိသားစု လေးခုကို ၂၀၂၃ ခုနှစ်က မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဖြိုခွင်းခဲ့မှုကို သတင်းဆောင်းပါးတွင် ရည်ညွှန်းဖော်ပြခဲ့သည်။
အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများအတွက် ကိုဗစ်-၁၉ မတိုင်ခင်ကာလက ဒေသတွင်း နှစ်စဉ် ဒေါ်လာဘီလျံများစွာ သုံးစွဲသည့် တရုတ်ခရီးသွားများသည် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း ခရီးသွားများကို ရာဇဝတ်ဂိုဏ်းများက ထိန်းသိမ်းထားသည်ဟူသော လူကုန်ကူးမှုသတင်းများ တရုတ်ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် စိုးရိမ်မှုများဖြစ်ပေါ်စေကာ နှစ်သစ်ကူးအားလပ်ရက်များတွင် ယင်းနေရာများသို့ သွားရောက်ခြင်းကို တန့်သွားစေမည်ဖြစ်သည်။