တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ယင်း သံရည်ကျို အလုပ်ရုံကြီး (၃)ရုံကို လည်ပတ်နိုင်ရန်လည်း ပြည်ပနိုင်ငံများနှင့် စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြောင်းလည်း သိရသည်။
လက်ရှိတွင် အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)၌ သံရည်ကျို မည့်စက်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂) ရုံရှိနေပြီး ယင်းအနက် အလုပ်ရုံ (၁၉)ရုံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ကပင် စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။
ကျန်ရှိသည့် သံရည်ကျို(၃)ရုံသာ လည်ပတ်နိုင်ပါက အလုပ်ရုံခွဲ (၂၂) ရုံလုံး လည်ပတ်နိုင်ပြီဖြစ်ကာ သံစိမ်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းမှ ထွက်ရှိလာသည့် သံစိမ်းများကို အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ပို့ဆောင်မည် ဖြစ်ကာ ထိုမတစ်ဆင့် သံမဏိအချောင်းများ ထုတ်လုပ်မည် ဟုလည်း သိရသည်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တွင် သံ၊ သတ္တုရိုင်း တန်ချိန် သန်း (၇၀) ကျော် ထွက်ရှိမည်ဖြစ်ပြီး တစ်နှစ်လျှင်တန်ချိန် (၂) သိန်းထုတ်လုပ်နိုင်မှာဖြစ်ကာ လက်ရှိ၌လည်း နည်းပညာများ ထောက်ပံ့နိုင်ရန်အတွက် ပြည်ပပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များပူးပေါင်းပြီး စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်မှုများ ဆက်လက်လုပ်ဆောင်သွားနေကြောင်း သိရသည်။