ကိုဗစ်-၁၉ ချေးငွေအဖြစ် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကျပ် ဘီလီယံ (၂၀၀) အနက် နိုင်ငံတော်ကို ငွေပြန်လည်ပေးသွင်းမှု တွင် ကျပ် ၈၂ ဘီလီယံ ကျန်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယမန်နေ့ ဇန်နဝါရီ (၁၆)ရက်က ကျင်းပသည့် ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လက်ရှိ ကိုဗစ်-၁၉ ချေးငွေကျပ် ဘီလီယံ (၂၀၀) အနက် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေကို ငွေကျပ် (၅၀) ဘီလီယံ၊ အထွေအထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် (၁၅၀) ဘီလီယံမှ ငွေကျပ် (၆၈) ဘီလီယံ စုစုပေါင်း ငွေကျပ် (၁၁၈) ဘီလီယံကို ပြန်လည်ကောက်ခံပြီး ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိတွင် နိုင်ငံတော်ကို ငွေပြန်လည်ပေးသွင်းမှု အခြေအနေ၊ ပြန်လည်ပေးဆပ်ဆဲနှင့် ပေးဆပ်ရန် ကျန်ရှိနေသည့် ချေးငွေများကို စီမံခန့်ခွဲမှုနည်းလမ်းများကို ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ကိုဗစ် ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍကို ထုတ်ပေးထားသည့် ချေးငွေများသည် ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားတဲ့ ချေးငွေသက်တမ်းပြည့်မြောက်တော့မည် ဖြစ်သောကြောင့်လည်းပြန်လည်ပေးဆပ်ရန် ကြိုတင်အသိပေး အကြောင်းကြားစာထုတ်ပြန်ရေး ကိစ္စများကိုလည်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။