ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် သင့်တော်သော ဈေးနှုန်းဖြင့် ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNI ENERGY Co.Ltd တို့ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး UNI ENERGY Co.Ltd ပဏာမ ကွင်းဆင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဇန်နဝါရီ (၁၈) ရက်က အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် အေးသာယာစက်မှုဇုန်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီး ဖြည့်ဆည်းပေးနိုင်ရေး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေနိုင်ရေးစီစဉ်လျက်ရှိပြီး ဆောင်ရွက်မည့် ကုမ္ပဏီအနေဖြင့်လည်း သက်သာသောဈေးနှုန်းဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ပြောကြားခဲ့သည်။
Uni Energy Co.Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်နိုင်ကလည်း လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာနစ်ဖြင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အေးသာယာစက်မှုဇုန်အတွင်း သင့်တော်သော ဈေးနှုန်းဖြင့် ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးတည်ဆောက်မည့် မြေနေရာအားကွင်းဆင်းကြည့်ရှုရာ စက်မှုဇုန်ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများက မြေနေရာလျာထားဆောင်ရွက်မည့် အခြေအနေများကို လိုက်လံပြသခဲ့ကြောင်း သိရသည်။