ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများကို ယခုလ ဇန်နဝါရီ (၁၅) ရက်တွင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၅)ရက်အကြာတွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယင်းခရီးစဉ်သည် ဗန်းမော်မြို့တိုက်ပွဲကြောင့် မိမိအစီအစဉ်ဖြင့် ရွှေကူမြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော ရာနှင့်ချီသည့် ဒေသခံများကို မန္တလေးမြို့သို့ အသုတ်လိုက် ခေါ်ဆောင်ပေးနေသည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။
လက်ရှိ ဗန်းမော်မြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ကျေးရွာများ၌ ရှောင်တိမ်းနေသူများလည်း ရှိနေသေးသည်ဟု သိရသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် ဗန်းမော်မြို့တွင် မြို့ပေါ် ရပ်ကွက် (၁၄) ရပ်ကွက်ရှိပြီး၊ ဗန်းမော်မြို့နယ်အတွင်း ကျေးရွာပေါင်း(၄၅)ရွာရှိကြောင်း သိရသည်။
ဗန်းမော်မြို့ တိုက်ပွဲကြောင့် မန္တလေးမြို့အပါအဝင် ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်းရှိ ဒေါ့ဖုန်ယန်၊ မိုးမောက်၊ မံစီ မြို့နယ်များသို့တိမ်းရှောင်နေသူများရှိသလို ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေးရွာများသို့ တိမ်းရှောင်နေကြသူများလည်းရှိကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။