မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ်မျက်နှာကျက်တံခါးနှင့်ပစ္စည်းများမီးလောင်ကျွမ်းခဲ့ကာ နေအိမ်တွင်နေထိုင်သည့် အမျိုးသမီး(၂)ဦးတွင်လည်း မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်၌နေထိုင်သောတာဝန်ရှိသူအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၁၉/၂၀၂၅၊ ပုဒ်မ(၂၈၅)ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။