ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ် ဘွဲ့သင်တန်းအဖြစ် ယခု၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း “2025, The Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍခေတ်တစ်ခေတ်ဆန်းသစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ်ဘူမိဗေဒပညာရှင်များ၊ ရေနံအင်ဂျင်နီယာများအပါအဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် Stakeholder များက ဝိုင်းဝန်းပံ့ပိုးအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားများအား Scholarship ပေးနိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ် ၌ ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များရရှိပြီးချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ ဆရာမများကို Training For Trainer အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။