ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့်အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ဆရာတော်၊ သံဃာတော်များနှင့်အတူ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အားပင့်ဆောင်ပြီး ကျောင်းတိုက်အတွင်း လက်ယာရစ် ၃ ပတ်လှည့်လည်အပူဇော်ခံခဲ့ကြသည်။
နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်ဖောင်တော်ပေါ်သို့ ပင့်ဆောင်အပ်သော ထေရနိမန္တနဂါထာကို ဟင်္သာတမြို့၊ မဟိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသမ္ပုဏ္ဏက ရွတ်ဖတ်၍ပင့်လျှောက်တော်မူခဲ့သည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်သည် နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော် သီတင်းသုံးအပူဇော်ခံယူတော်မူမည့် စံကျောင်းတော် ဓာတ်တော်တိုက်ပလ္လင်တော်နေရာအားကြည့်ရှု၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ ဘဒ္ဒန္တပညာသာရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ နဝဓုတင်္ဂါစာရ၊ ဓမ္မပ္ပမာဏိကာမဟာဋိကာဒိ အနေကဂန္ထကာရက၊ ကျောက်ထီးတန္တုကမ္ဘာ့သာသနာပြု ဆရာတော်ဘုရားကြီးသည် သက်တော်(၇၆)နှစ်၊ ဝါတော်(၅၂)ဝါရှိပြီဖြစ်ကာ ထိုင်လျှက်အနေအထားဖြင့် ဓုတင်ကျင့်ဆောင်တော်မူနေစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။