ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ (၂၇)မိနစ်အချိန်ခန့်တွင် မီးသတ်တပ်ဖွဲ့မှ Level – 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် (၂)နာရီ (၃၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၂)နာရီ (၄၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နံနက် (၈)နာရီ (၄၆) မိနစ်အချိန်ခန့်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယုလမ်းတွင် မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသတ်ယာဉ်(၂) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် (၈)နာရီ (၅၈)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၉)နာရီ (၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်ကလည်း ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ်တိုက်အိမ်တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည (၈)နာရီ (၅၅)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။
ထို့အတူ ဇန်နဝါရီ (၁၄) ရက်၊ ည (၇)နာရီအချိန်ခန့်ကလည်း သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြိုင်ဟေဝန်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ကြပြီး ည (၇)နာရီ (၁၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်ဒေသအချို့တို့တွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ လူ့အသက်ဆုံးရှုံးမှုများလည်းရှိနေသောကြောင့် မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိုးဆော်ထားသည်။