အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက် ကျန်းမာရေးအာမခံ၊ ပြင်းထန်သောရောဂါကုသမှုအာမခံနှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအာမခံများ ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင်အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ်၊ ဖုန်းမျက်နှာပြင် အာမခံအမျိုးအစားသစ်၊ အသေးစား ကျန်းမာရေးအာမခံနှင့် အသက်အာမခံအမျိုးအစားများဖြစ်သော တမူထူးခြားသည့် ထပ်ပေါင်းစုဆောင်းအသက်အာမခံ ၅/၃ အာမခံအမျိုးအစားသစ်၊ ပြင်းထန်ရောဂါထပ်တိုးအစီအစဉ်သစ်နှင့် လုံခြုံချေးငွေအသက်အာမခံအမျိုးအစားသစ် စုစုပေါင်းအာမခံအမျိုးအစားသစ်ခြောက်မျိုးတို့ကို တတ်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား (၆၀) ကိုလည်း ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး (၂၉) ခု၊ အာမခံလျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီ(၅)ခု၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ် (၅၈) ခု၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ် စုစုပေါင်း (၁၉၂၃၄) ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ် စင်တာတစ်ခုနှင့် ဌာနတွင်းအာမခံကိုယ်စားလှယ် သင်တန်းကျောင်း (၂၅) ခုတို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။