မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘုရားဖူးဧည့်သည်နည်းပါးနေသေးကြောင်း ၊ ယင်းကြောင့် ရွှေစက်တော်ဂေါပကအဖွဲ့အနေဖြင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်
” ဘုရားဖူးက ခုချိန်တော့ နည်းနေသေးတယ်။ ပိတ်ရက်ကျရင်တော့ နည်းနည်းများတယ်။ဈေးဆိုင်တွေတော်တော်များများလည်း စုံနေပါပြီ။ အေးအေးချမ်းချမ်းနဲ့လာရောက်ဖူးမြော်လို့ရပါတယ်” ဟု ရွှေစက်တော်ဂေါပက ဥက္ကဌက Popular News သို့ပြောသည်။
ရွှေစက်တော်ဘုရားသည် မင်းဘူးမြို့အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ စကုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင်အကွာ အနောက်ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ် တွင်တည်ရှိကာ မင်းဘူး၊ စကုမြို့များမှ ကားလမ်းဖြင့် သွားနိုင်ပြီး ဘုရားပွဲတော် ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်၊ လူနေ တည်းခိုဆောင် ၈၀၀ ခန့် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပေးထားကြောင်း၊ထို့ပြင်ဘုရားအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုပါ ဘုရားပွဲနှင့်အတူ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။