တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အ.ထ.က (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁)ဦးနှင့် ကျောင်းသား(၆)ဦးတို့သည် စာမေးပွဲများဖြေဆိုရန်လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အ.ထ.က(တောင်ဖီလာ)သို့ ကား (၁)စီးဖြင့် ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဥ် တောင်ပုကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လိုက်ပါလာသည့် မူ လတန်းပြဆရာနှင့် ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီးနောက် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်းသား (၂)ဦးကို မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။